Tuesday, October 23, 2012

ပညတ်ချက်တံတိုင်းအောက်မှာ အမျိုးသမီးတို့ဘ၀...........



နေ၀င်မိုးချုပ် တကုတ်ကုတ်နှင့်
အိမ်တွင်းမှုခင်း နေ့စဉ်ရှင်း၍
ထမင်းချက် ရေခပ် အ၀တ်လျှော်မှ
မိန်းမပီသသတဲ့လား အမေ။

သမီးအသက် စကားတတ်စအရွယ်မှပင်
သွန်သင်ဆုံးမ နားချခဲ့သည့်
အစဉ်အလာစကား
သမီးမှားတယ်လို့တော့ မထင်ပါ။

ဒါပေမဲ့လေ
အစဉ်အလာရဲ့ အဆုံးအမ
သမီးတော့ သိပ်ဘ၀မကျချင်
အမြင်ချင်း ဖလှယ်ရလျှင်ပေါ့။

ယောက်ျားလည်းလူ မိန်းမလည်းလူ
အတူတူပါပဲ အမေ
လူအချင်းချင်းတူပေမဲ့
အိမ်ဦးနတ် မောင်တော်ဘုရား
ကွယ်ရာမှာ နှစ်ပါးသွားနေတာတောင်
ဖွင့်မပြောရဲကြလောက်တဲ့ဘဝ
ဒူးနဲ့မျက်ရည်သုတ်
အိမ်ထဲမှာပဲကုတ်ကုတ်နဲ့
ဘ၀ဆုံးအောင် အရိုးထုတ်ဆိုတဲ့
ဒီနိယာမဟာ
ဘယ်တရားပ့ါမလဲ အမေ။

“ကျား” နဲ့ “မ” မနှိမ်စတမ်း
အားလုံးတပေါင်းတစည်းနဲ့
လွတ်လပ်စွာ ရှင်သန်ရေးဟာ
သာယာတဲ့ဘ၀ နောင်ရေးဆိုတာ
အမေတွေးကြည့်သင့်ပါတယ်။

တူညီတဲ့အခွင့်အရေးတွေနဲ့
လောကဇာတ်မှာ လိုက်လျော
သြော်….အမေရယ်
သိပ်ကြည်နူးဖို့ ကောင်းသွားမှာပါ။
Date: 2004 (လောင်းရိပ်ကို ကျော်ဖြတ်ခြင်း စာအုပ်မှ)
http://taangland.ning.com/profiles/blogs/4029941:BlogPost:9141မှကူးယူတင်ပြထားပါသည်။

1 comment:

  1. အိန်ဂျယ်...လို မိန်းမမပီသတဲ့ သူအတွက်တော့.. သူများပြောစရာ ဖြစ်နေမလားပဲ snow ရေ...:)

    ReplyDelete