Tuesday, October 23, 2012

“ပျော်ပျော်နေပါ သူငယ်ချင်း”



 “ပျော်ပျော်နေပါ” တဲ့..  စကားလေးက သိပ်ကို ရိုးစင်းလွန်းပါတယ်..  တကယ်တမ်းတော့ ကျွန်မတို့ရဲ့ ဘ၀မှာ ပျော်ရွှင်မှုတွေကို သူတစ်ပါးက ဖန်တီးပေးနိုင်သလို ကိုယ်တိုင်ကလည်း ဖန်တီးယူနိုင်ပါတယ်.. ဒါပေမဲ့ တကယ်တမ်းတော့ ကိုယ့်စိတ်နေစိတ်ထား၊ ကိုယ့်ရွေးချယ်မှုကနေပြီးတော့ ပိုပိုသာသာရနိုင်ပါတယ်.. တကယ်လို့များ သင်ဟာ အရာရာကို အကောင်းဘက်ကသာ ကြည့်မယ် တွေးမယ်ဆိုရင် အမြဲပျော်ရွှင်နေတဲ့ သူတစ်ယောက် ဖြစ်နေမှာပါ။

ကျွန်မတို့ရဲ့ ဘ၀တွေမှာ လူတိုင်းဟာ နိမ့်မြှင့်တက်ကျ လောကဓံရဲ့ သဘောတရားကို ကြုံတွေ့ကြရမှာပါ။ ကြုံလာတဲ့ အခြေအနေကို ဘယ်လိုရှုမြင် သုံးသပ်မလဲ ဆိုတာတော့ ကိုယ့်ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်.. လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီနိုင်ပါဘူး။ အကောင်းမြင်တတ်သူက လောကကြီးရဲ့ ပျော်ရွှင်မှုကို ပိုပြီး ခံစားရတယ်လို့ ဆိုပါတယ်.။  စကားပုံလေးတစ်ခုတောင် ရှိပါသေးတယ်  “လောကကြီးက ကိုယ့်ကို သံပုရာသီး ပေးလာတဲ့အခါ သံပုရာရည် လုပ်သောက်လိုက်ပါ” ဆိုတဲ့ သိုးဆောင်း စကားပုံလေးပါ။ ဆင်းရဲဒုက္ခနဲ့ ကြုံလာရင် အဲဒီဒုက္ခကို ကြံ့ကြံ့ခံပြီး ကိုယ့်အတွက် ရနိုင်သလောက် သင်ခန်းစာကို ယူသင့်ပါတယ်.. အထူးသဖြင့် စိတ်ဓာတ် အလွယ်တကူ မကျဖို့တော့ လိုအပ်ပါတယ်..
ဘ၀မှာ ဘယ်လိုများ ပျော်ပျော်ရွှင်ရွှင် နေကြမလဲ......
၁. များများပြုံးပါ။ ရယ်မောပါ။ တွေ့တဲ့လူတိုင်းကို ကြည်ကြည်လင်လင် ပြုံးပြနိုင်ဖို့ကြိုးစားပါ။ ပြန်လည်တုံ့ပြန်မှု မရှိသည့်လူ ဖြစ်ပါစေ။ ကိုယ့်အပြုံးကြောင့်တော့ ထိုသူလည်း အနည်းငယ်တော့ ပျော်ရွှင်သွားနိုင်ပါတယ်။ ပြုံးလိုက်မိတဲ့အတွက် ကိုယ်တိုင်လည်း စိတ်ဖိစီးမှုတွေ၊ တင်းမာနေတဲ့ ကြွက်သားတွေ လျော့သွားစေနိုင်ပါတယ်။ ရယ်မောစရာတွေကို ရှာကြံပြီး အားပါးတရ ရယ်မောပါ။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို ကုစားနိုင်တဲ့ အလွယ်ဆုံး နည်းတစ်ခုလည်း ဖြစ်ပါတယ်..
၂. သီချင်းဆိုပါ။  အချို့သူများဟာ စိတ်ညစ်တဲ့အချိန်မှာ စိတ်ထွက်ပေါက်အတွက် သီချင်တွေ အော်ဆိုတတ်ကြပါတယ်.. ဒါဟာ မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်. မယုံရင် သင်ကိုယ်တိုင် စမ်းကြည့်ပါ။ ဒေါသဖြစ်နေလျှင်ဖြစ်စေ ၊ စိတ်ညစ်နေလျှင်ဖြစ်စေ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုလိုက်ပါ။ အိမ်မှာ ကာရာအိုကေစက်ရှိလျှင် စက်ဖြင့် ဆိုပါ။ အကယ်၍ မရှိလျှင် ဆိုင်၊ သူငယ်ချင်းအိမ်မှာဆို၊ ဒါမှ အဆင်မပြေရင် ရေချိုးခန်းထဲမှာဆို၊ ဒါမှ အဆင်မပြေဘူး ဆိုရင်တော့ စဉ့်အိုးတစ်လုံးထဲ ခေါင်းစိုက်ပြီးသာ အော်ဆိုပါ. (ပတ်ဝန်းကျင်က မေးရင် အဆိုတော်လုပ်ဖို့ အသံကျင့်နေတယ် ဖြေပေါ့။ လူအထင်ကြီးခံရနည်းလားနော်)  မကြာခင်မှာ သင့် စိတ်ထဲမှာ ခံစားနေတဲ့ ဖိအားတွေ လျော့ပါးလာတာကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်. (ဒီနည်းကတော့ ကျွန်မအတွက် လက်တွေ့မှန်ကန်တဲ့နည်း ဖြစ်ပါတယ်..)
၃. အကောင်းမြင်စိတ်နှင့် အရာရာကို တွေးတောပါ။ ရှုမြင်သုံးသပ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်သူများထံမှ စိတ်နေစိတ်ထား နည်းလမ်းများ ရယူပါ။ ပျော်ရွှင်စွာနေတတ်သူ၊ ဟာသဥာဏ် ရှိသူတို့ဟာ သူတို့ပတ်ဝန်းကျင်က လူတွေကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်း ရှိတတ်ကြပါတယ်.. ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ လောကကြီးကို အကောင်းမမြင်၊ အရာရာကို အဆိုးဘက်မှ ပြောဆိုနေသူများထက်၊ အကောင်းမြင်စိတ်နဲ့ ဖြောင်းဖျ ပြောဆိုတတ်သူ၊ မိမိကို ရယ်မောပျော်ရွှင်စေသူတို့ကို ရှာဖွေ ပေါင်းသင်းပါ။
၎. ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ။ လှုပ်ရှား တက်ကြွနေသူများဟာ ပျော်ရွှင်တတ်သူတစ်ယောက် ဖြစ်ဖို့ လွယ်ကူပါတယ်.. သင့်ကို တက်တက်ကြွကြွ လုပ်ရှားစေမဲ့ အားကစားလေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ အစုအဖွဲ့များဖြင့် လူမှုရေး လုပ်ငန်းများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ခြင်း၊ သူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံ သွားလာခြင်း၊ ချက်ပြုတ်စားသောက်ခြင်း တို့ဟာလည်း သင့်အား အထီးကျန်သူတစ်ယောက် မဖြစ်စေဘဲ လောကကြီးတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူတစ်ယောက် ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်..
၅. တီထွင်ဖန်တီးပါ။ မိမိရဲ့ ဖန်တီးမှု၊ အားထုတ်မှုလေးတွေဟာလည်း စိတ်ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်.. တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်လို့ အောင်မြင်သွားတဲ့အခါ ရလာတဲ့ ပီတိဟာ သင့်အတွက် ခွန်အားတွေဖြစ်ပါတယ်.. တီထွင်ဖန်တီးပါ ဆိုတဲ့ နေရာမှာ လက်လှမ်းမမှီ၊ ကိုယ်နဲ့ မဖြစ်နိုင်တဲ့ အရာတွေကို ဖန်တီးခိုင်းတာမျိုးမဟုတ်ပဲ မိမိ ၀ါသနာကို အရင်းခံပြီး အသစ်အဆန်းလေးတွေ ဖန်တီးတာမျိုးကို ဆိုလိုပါတယ်.. ဥပမာ- ပန်းချီ ၀ါသနာပါသူက ခါတိုင်းဆွဲပုံနဲ့ မတူတဲ့ ပန်းချီကားအသစ်လေးတွေ ဆွဲတာ၊ ပန်းပု ဒီဇိုင်းအသစ်လေးတွေ ထုတာ၊ မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးထွက်တာ၊ ကကွက်ဆန်းတွေ ကတာ၊ ဟင်းချက် ၀ါသနာပါသူများကလည်း မချက်ဖူးသေးတဲ့ ဟင်းအမယ်သစ်လေးတွေ စမ်းချက်ကြည့်တာ၊ အပင်လေးတွေ အသစ်စိုက်ပျိုးတာ၊ အိမ်ကို ခန်းဆီးလိုက်ကာ အသစ်လဲတာ၊ ပန်းအိုးလေးတွေ အသစ်ဝယ်ပြီး နေရာချတာ၊  စသဖြင့် ခါတိုင်းနဲ့ မတူတာလေးတွေကို လုပ်ကြည့်တာမျိုး ဖြစ်ပါတယ်.. (မှတ်ချက်- ရည်းစားအသစ်ပြောင်းတာ၊ အိမ်ထောင်အသစ်ရှာတာ အဲဒါတွေ မပါဘူးနော်  :)  ) စိတ်ကူး အသစ်အဆန်းလေးနဲ့ တီထွင်ဖန်တီးပြီး လုပ်ကြည့်ခြင်းဟာလည်း စိတ်ပျော်ရွှင်မှုကို ရှာဖွေခြင်း တစ်နည်းဖြစ်ပါတယ်။
၆. တခါတရံ ကလေးဆန်းပါ။ မိမိငယ်စဉ်က ပြုမူခဲ့တဲ့ အပြုအမူကလေးများကို ပြန်လည်ပြုမူခြင်းအားဖြင့် မိမိကိုယ်ကို ငယ်မူငယ်သွေး ပြန်ပေါ်လာစေပြီး လန်းဆန်း တက်ကြွသူတစ်ယောက် ဖြစ်လာစေပါတယ်.. ငယ်ငယ်ကလို ခုန်ပျံကျော်လွှားကစားခြင်း၊ လမ်းမပေါ်က ဘီယာဘူးခွံ၊ ဖျော်ရည်ဘူးခွံများကို အားပါးတရ ဆော့ကစား ကန်ကျောက်ခြင်း၊( သူငယ်ပြန်နေပြီလို့ ပြောခံရရင် စာရေးသူနဲ့ မဆိုင်ပါ :) )  ငယ်ငယ်က သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံပြီး ငယ်ဘ၀အကြောင်းများ ပြန်ပြောင်းသတိတရ ပြောကြခြင်း စတာတွေဟာလည်း မိမိကို ပျော်ရွှင် လန်းဆန်းစေနိုင်ပါတယ်။ 
၇. အခြားသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ တိရိစ္ဆာန်များကို ချစ်ခင်စာနာပါ၊ ကြင်နာငဲ့ညှာပါ။ နွေးထွေးယုယစွာ နေထိုင်ပါ။ စကားကို ချိုသာစွာပြောဆိုခြင်း၊ သူတပါးအတွက် လိုအပ်နေသော်လည်း မိမိအတွက် အပန်းမကြီးသော အကူအညီများကို ပေးခြင်း၊ သူတပါး အခက်အခဲကို စာနာနားလည်းခြင်း၊ စသော စိတ်နှလုံး သိမ်မွေ့နူးညံ့စေသည့် အဖြစ်အပျက်၊ ချစ်ခြင်း မေတ္တာတရားတို့သည်လည်း မိမိစိတ်ကို ပျော်ရွှင်စေသော အရာများ ဖြစ်ပါတယ်။
၈. တိတ်ဆိတ်သောနေရာ၊ အချိန်များတွင် မျက်စိမှိတ်၍ ငြိမ်သက်စွာ အနားယူခြင်း၊ တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း စသည်တို့သည် စိတ်ခွန်အားကို တိုးပွားလာစေပြီး ၊ ပြန်လည် လန်းဆန်းလာစေသော နည်းလည်း ဖြစ်ပါတယ်. သီချင်းအေးအေးများကို နားထောင်ခြင်း ၊ရေချိုးကန်တွင် အချိန်ယူ၍ ရေစိမ်ချိုးခြင်း၊ ဖယောင်းတိုင်မီးရောင်လို ခပ်မှိန်မှိန် မီးရောင်အောက်တွင် အနားယူခြင်း၊ စသည်တို့ကို တခါတရံ လုပ်ပေးသင့်ပါတယ်.
၉. ဘ၀ကြီးဟာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ ခက်ခဲပင်ပန်းလွန်းတယ်လို့ ပြောလာခဲ့ရင် အဲဒီစကားကို လစ်လျှူရှုလိုက်ပါ။ မနက်ခင်းတိုင်း နိုးထလာချိန်မှာ မိုးရွာနေသည့်နေ့ ဖြစ်နေပါစေ.. မနက်ခင်းကို မြင်တွေ့ရပြီး ရှင်သန်ခွင့်ရတဲ့ တစ်နေ့အတွက် လောကကြီးကို ကျေးဇူးစကား ဆိုလိုက်ပါ။ မည်သည့်အခက်အခဲကိုမှ လွယ်လွယ်နှင့် လက်လျှော့ အရှုံးပေးလိုက်ဖို့ မစဉ်းစားပါနှင့်။
၁၀. တစ်ရက်ကို စိတ်ရွှင်လန်းစရာ အလေ့အထလေးတစ်ခုကို ကြိုစားလုပ်ဆောင်ပါ။ သင့်မိတ်ဆွေအိမ်တစ်အိမ်ကို အလည်အပတ်ထွက်ခြင်း၊ မနက်ခင်းတိုင်း လမ်းလျှောက်ထွက်ခြင်း ဘုရားတက်ခြင်း၊ အိမ်တွင်ဘုရားပန်းလဲ၊ ဆွမ်းတော်ကပ်၊ ဘုရားကန်တော့ခြင်း၊ သစ်ပင်ကလေးများ စိုက်ပျိုး ပြုစုပျိုးထောင်ခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။ ဖော်ပြပါ အချက်တွေဟာ ကျွန်မ ဖတ်မှတ်ထားမိတာတွေထဲက အကျဉ်းချုပ် ပြန်လည်ဖော်ပြလိုက်တဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်တဲ့ နည်းတစ်ချို့ ဖြစ်ပါတယ်.. အချက်တွေ တော်တော်များများဟာ လက်တွေ့ကျင့်သုံးတဲ့အခါမှာ တကယ်ကို အထောက်အကူဖြစ်တာ တွေ့ရတာမို့ ချစ်သော မိတ်ဆွေများအတွက် ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်.. တကယ်တမ်းတော့ စိတ်ညစ်တယ်ဆိုတာ ဘ၀မှာ ခဏတာကြုံလာတဲ့ အခက်အခဲကြောင့် အခိုက်အတန့် စိတ်ညစ်ရခြင်းသာ ဖြစ်ပါတယ်.. ပျော်ရွှင်ရတဲ့ အချိန်တွေလည်း ကိုယ့်ဘ၀မှာ ကြုံရဦးမှာ ဖြစ်ပါတယ်.. လူတိုင်း မိမိလိုဘဲ အဆင်မပြေမှုတွေနဲ့ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့  ကြုံရသူတွေ ချည်းသာပါ။ သူဌေးမှာလည်း သူ့ဘ၀နဲ့သူ စိတ်ညစ်စရာရှိသလို ဆင်းရဲသားမှာလည်း သူ့အတိုင်းအတာနဲ့သူ စိတ်ညစ်ရမှုတွေ ရှိနိုင်ပါတယ်. ဒါပေမဲ့ စိတ်ညစ်စရာကို ဟာသ အနေနဲ့ ဖြေပြီးတွေးတတ်ဖို့ လိုသလို မိမိ စိတ်ညစ်ခြင်းဟာ တဒင်္ဂ အတွက် စိတ်ညစ်ခြင်းဖြစ်တယ်လို့ နားလည်ထားပြီး နက်နက်ရှိုင်းရှိုင်း မခံစားဖို့၊ ဘ၀ကို လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ဖို့တော့ အသိတရား ရှိထားသင့်ပါတယ်.  မကြာခင်မှာ အခက်အခဲတွေကို ကျော်လွှားနိုင်ဦးမှာ ဖြစ်ပါတယ်..  ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်သူတွေဟာ စိတ်ညစ်စရာတွေကို ကြာရှည်မသိမ်းထားတတ်သူတွေ ဖြစ်ကြပါတယ်.. ဒါကြောင့်လည်း စိတ်ညစ်နေသူများရှိရင် “ပျော်ပျော်နေပါ သူငယ်ချင်း”  ဆိုတဲ့ စကားလေးကို ပြောလိုက်ပါရစေနော်....
source:http://taangland.ning.com/profiles/blogs/4029941:BlogPost:12315


No comments:

Post a Comment