Thursday, October 11, 2012

ညီမလေးရေ...ပွဲဈေးတန်းလေးမဆုံးသေးခင်...


ညီမလေး တို့ ရေ.. ဆယ်ကျော်သက်အရွယ်တုန်းက တို့တွေလဲ စိတ်ကစားခဲ့ဖူးတာပေါ့။ မင်းသားရန်အောင် ဆို အသည်းစွဲ။ သူနဲ့တူတဲ့သူများတွေ့ ရင် လေ ရင်တွေခုန်လို့ ခြေမကိုင်မိလက်မကိုင်မိပဲ ။ ဘာရယ်လဲ မဟုတ် ဒီလိုပဲ .. ကိုယ်သဘောကျတဲ့သူဆို သူ့ ဘာသာတူ ဘာရုပ်ဖြစ်နေ ဖြစ်နေ ကိုယ့်မျက်စိထဲမတော့ ဟိုမင်းသားနဲ့တူသလို လို ဒီမင်းသားနဲ့ တူသလိုလို ကြိတ်ပြီးသဘောကျရင်ခုန်ခဲ့ရတာအမောပါရောလား။
                    ဒီလိုနဲ့ တို့တွေခေတ်တုန်းက ၈၈ အရေးအခင်းကြီးကို ကြုံရတာမို့  အဲဒီအချိန်က ရှစ်တန်းကျောင်းသူအရွယ်ပေါ့။ကျောင်းကြီးတစ်နှစ်လောက်ပိတ်ပြီးမှ ပြန်ဖွင့်ကြတော့ ကွဲကွာနေတဲ့သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက်တောင်မမှတ်မိလောက်အောင် ရုပ်ရည်အသွင်ပြင်တွေပြောင်းလဲ ကုန်ကြတာများ... ဟဲ့.. ဟိုမှာကြည့်စမ်း . နွယ်နွယ်ဝင်းတစ်ယောက် အရပ်ကြီးကမိုးထိုးနေရော...စိုးစိုးမာကလဲ ကိုယ်လုံးကတကယ့် အပျိုကြီးလိုပါလား..အဲတော်..ဝင်းမင်းထိုက် တစ်ယောက်က စိုးသူနဲ့ တူလာတယ်တော့်.... အိုး... အဲလိုမျိုး ညံစီကုန်တော့တာပါပဲ.။ ဖြစ်မှာပေါ့လေ.. ကွဲကွာစ က အသက်လေးမှ ၁၃ နှစ်မပြည့်သေးတဲ့အရွယ်တွေ အလှလဲမစုံ အရွယ်လဲမထွားကြတော့ ကလေးကြီးတွေလို ဆော့ကစားလို့ ကောင်းတုန်းအချိန်ပေကိုး။

                     အခုလို တစ်နှစ်ကျော်ကျောင်းပိတ်ပြီးပြန်ဖွင့်ချိန်မှာတော့ အထူးအဆန်းသဖွယ် အသွင်အပြင်တွေ ပြောင်းလဲကုန်ကြတာမို့  အမြင်တွေဆန်းပြီး ရင်ခုန်စရာမဟုတ်လဲ ရင်ခုန်ကုန်ကြတော့တာပါပဲ။ ပိုဆိုးတာက ခါတိုင်းပုံမှန်တစ်နှစ်တစ်တန်းတွေ့ လာကြရင်းပြောင်းလဲတာက မသိသာပေမယ့် ယခုလို တစ်နှစ်ကျော် ခွဲခွာပြီးမှပြန်တွေ့ လို့ အမြင်ဆန်းကုန်ကြတာကိုး။ ဒီလိုနဲ့ ဟိုလူက ဟိုကောင်မလေး ကိုရည်းစားစာပေးတာတို့  ဟိုတစ်ယောက်နဲ့ ဒီတစ်ယောက် စာပေးစာယူရည်းစားဘဝရောက်တာ ကြားရတာ များတော့ .. ဆရာမတွေအကုန်မျက်လုံးပြူးကုန်ကြပါလေရော..။ ဟာ.. မဖြစ်ချေဘူးဆိုပြီး ..ရည်စားမထားရ ဆိုတဲ့အမိန့်ထုတ်လဲ မရဘူး..ကြိတ်ထားကြ ..ဇာတ်လမ်းတွေ ပို များကုန်ကြတော့တာပါပဲ.။

                     ရယ်စရာပြောရရင် တို့ တစ်တွေ တောင် အမေက ကျောင်းကဆရာမ ပဲမို့ မလှုပ်သာလို့ ငြိမ်နေခဲ့ရတာကိုး။ဒီိလိုနဲ့  အတန်းပိုင်ဆရာမ က တို့တွေ အားလုံးကို ပုံပြင်လေးတစ်ပုဒ်ပြောပြခဲ့တယ်..။ အဲဒီ ပုံပြင်လေး ကိုမှတ်မိသလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ တကယ်လဲ ဘဝမှာ သိပ်ကို အရေးကြီးခဲ့ပါတယ်။

                   တစ်နေ့ ပေါ့... သားငယ်လေးက အမေ လုပ်သူကို ပူဆာတယ်... အမေကလဲ စည်းကမ်းကြီးတဲ့အမေမျိုးပေါ့။ ဘယ်လိုပူဆာသလဲ ဆိုတော့ “ မေမေ  .. သားကို ပွဲဈေးတန်း လိုက်ပို့ ပေးနော် ” တဲ့...။ ကလေး ဆိုတော့ ပွဲဈေးတန်းရောက်ရင် မုန့်စားရုံ လျောက်ကြည့်ရုံ နဲ့ ဘယ်ရမလဲ... အရုပ်တွေ လဲမနည်းမနောတွေ့မှာဆိုတော့ ပူဆာတော့မယ်ဆို တာ အမေလုပ်သူက သိပြီးသားမို့ ” သားရေ.. မေမေ လိုက်ပို့ ပေးမယ်...ဒါပေမယ့် ပွဲဈေးတန်း တစ်ခုလုံးမှာမှ အမေက အရုပ်လေးတစ်ရုပ်ပဲဝယ်ပေးမှာနော်.. ”  လို့ ပြောတော့ ..သားလေးက ” ဟုတ်ကဲ့မေမေ..သားအရုပ်တစ်ရုပ်ပဲ ယူပါ့မယ် ” လို့ ကတိ ပြု  ရှာတယ်။

                                  ဒီလိုနဲ့ သားအမိ၂ ယောက်လက်ချင်းတွဲ ပြီး ပွဲဈေးတန်းထဲ ကိုဟိုကြည့်ဒီကြည့်နဲ့ ဝင်လာ ကြတယ်။  ပွဲဈေးတန်းထဲရောက်တယ်ဆိုရင်ပဲ
... အရုပ်ဆိုင်တွေ.. ကစားစရာဆိုင်တွေက တစ်သီတစ်တန်းကြီးပေါ့။
ကလေးဆိုတော့ မြင်မြင်ရာလိုချင်စရာချည်းတွေပဲမို့  ပထမဆုံးတွေ့ တွေ့ ချင်းဆိုင်မှာပဲ အမေလုပ်သူကို သားလေး က ” မေမေ ..ဟိုဇော်ဂျီရုပ်လေး ယူမယ် ”လို့ ပူဆာတော့တာပဲ။    အမေလုပ်သူက ” သားလေး ရေ..အခုမှ  ပွဲဈေးတန်းအစ ပဲရှိသေးတယ်လေ...  မယူနဲ့ အုံးနော်... ဒီထက်လှတဲ့အရုပ်လေး တွေ သားတွေ့ ချင်တွေ့အုံးမှာသားရဲ့   ” လို့ ဖြောင်းဖျ ရှာတယ်..။ ကလေး ဆိုတော့ မြင်တာတွေ့တာ ကိုလိုချင်စိတ်လေးတစ်ခုပဲ ရှေ့ နောက်တွေသိပ်မစဉ်းစားတတ်တော့ ငိုယိုပူဆာ လွန်းမကပူဆာ တာနဲ့  အမေလုပ်သူက ” သားလေ...မေမေ့ကိုကတိပေးထားတယ်နော်.. သည်ပွဲဈေးတစ်ခုလုံးမှာမှ..အရုပ်တစ်ရုပ်ပဲ ပို်င်ဆိုင်ခွင့်ရမယ်ဆိုတာ ..သား အခုဒီဇော်ဂျီရုပ်ကိုယူပြီးရင် ဘာမှ ထပ်မပူဆာနဲ့တော့နော်လို့  အမေလုပ်သူကသတိပေးလာတော့ ..ဟင့်အင်းမေမေ..သားကတော့ ဒီဇော်၈ျင်္ီရုပ်လေးကိုပဲ ကြိုက်မှာ..ဒါပဲယူမယ်လို့  ဆုံးဖြတ်လိုက်တယ်။

                                ဒီလိုနဲ့... ကလေးငယ်လေးဟာ ဇော်ဂျီရုပ်လေး ကို ပိုက်ပြီး ကျေကျေနပ်နပ်ပျော်ပျော်ရွှင်ရွှင် နဲ့ အမေ့လက်တစ်ဖက်ဆွဲ ပြီး ပွဲဈေးကိုမြောက်ကြွ မြောက်ကြွနဲ့ ခုန်ပေါက်လျောက်ရင်း ပွဲဈေးတန်းအလယ်လောက်ရောက်တော့ .. အရုပ်ဆိုင်တစ်ဆိုင်မှာ... ဖိုးဝရုပ်လေးကို ချစ်စဖွယ် မြင်လိုက်ရတယ်... အဲဒီအချိန်မှာ ကလေးငယ်ဟာ..လက်ထဲက ဇော်ဂျီရုပ်ထက်ပိုပြီးနှစ်သက်စရာ အရုပ်လေး ကို မြင်ပေမယ့်ပိုင်ဆိုင်ခွင့်မရနိုင်တော့ ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ .... အမေလက်ကိုအသာလေးဆွဲ ခပ်ငြိမ်ငြိမ်ပဲ ဆက်လျောက်ခဲ့တယ်။။ ဆက်လျောက်လာရင်း ပွဲဈေးတန်းအဆုံးရောက်ခါနီးမှာ... အရုပ်ဆိုင် တစ်ဆိုင် ကိုထပ်တွေ့ ပြန်တယ်..  အဲဒီဆိုင်လေး ရှေ့ရောက်တော့.... သူ့ အတွက်ပထမဆုံး မရမကပူဆာလိုက်တဲ့ဇော်ဂျီရုပ်ကိုလွှင့်ပစ်ချင်စိတ်ပေါက်လာေ အာင် ဆွဲဆောင်နေတာကတော့ အလွန်လှတဲ့ ” ယမင်း”ရုပ်လေး ကို မြင်လိုက်ရတဲ့အချိန်ပေါ့... ။
                                ညီမလေး တို့ ရေ... ဒီပုံပြင်ထဲကလိုပဲ.. ယမင်းရုပ်လေး ကိုပိုင်ဆိုင် နိုင်တဲ့အချိန်ထိအောင် စိတ်ရှည်လက်ရှည် နဲ့ သေချာရွေးချယ်တတ်ကြစေလိုပါတယ်.. ပွဲဈေးတန်းအစမှာပဲ စိတ်လှုပ်ရှားရင်ခုန်ရင်း ကိုယ်တကယ်မပိုင်ဆိုင်ချင်တဲ့ အရာကို ဘာလို့ များ ဘဝတစ်သက်တာ လုံးအောင့်အီးဖက်တွယ် ကြမှာလဲနော်.။ ဒီလိုပဲပွဲဈေးတန်းအစမှာပဲ ယမင်းရုပ်လေး တွေ့ ရပေမယ့် ကိုယ့်ရဲ့  နုနယ်တဲ့ အတွေးအခေါ်ကြောင့်လဲ ပိုင်ဆိုင်ခွင့်လက်လွတ်ဆုံးရှုံးတတ်ပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် အတွေ့အကြုံအသက်အရွယ် နဲ့ ပိုင်းခြားဝေဖန်နိုင်စွမ်းရှိတဲ့အချိန်ထိ ရောက်အောင့်စောင့်ပြီးမှ စိတ်ကြိုက်အိမ်ထောင်ဖက်ကို ရွေးချယ်လက်ထပ်ကြပါလို့  အကြံပြု လိုက်ပါရစေ။

လေးစားကျေးဇူးတင်လျက်

မနတ်သမီး

source:http://manatthamee.blogspot.com/2012/10/blog-post.html?showComment=1350016444980#c8184203689930336993

No comments:

Post a Comment