Friday, October 26, 2012

အနှိုင်းမဲ့မီး....





"အချစ်ဟာ ..... မီးလား "လို့ ရပ်ကွက်ထဲမှာ ကလေးတွေအော်ဆိုနေသံ ကြားဖူးပါတယ် ။ သံသယအတွး နဲ့ ဘာမှ စဉ်းစားမနေပါနဲ့ .........
ဟုတ်ပါတယ်....... အချစ်ဟာ...... မီးပါ ။

မီးတောင်မှ ရိုးရိုးသာမန်မီး မဟုတ်ပါဘူး ။ တစ်လောကလုံးမှာ ရှိရှိသမျှ မီးအားထဲမှာ အပူဆုံးမီး အနှိုင်းမဲ့မီးပါ ။
အချစ်ထက် ပူတဲ့မီး လောကမှာ မရှိတော့ပါဘူး - - -
တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခုအပေါ်မှာ စွဲစွဲလမ်းလမ်း ချစ်နေပြီ စွဲစွဲလမ်းလမ်း ငြိကပ်တပ်မက်နေပြီဆိုရင် မရသေးခင်မှာလည်း မျှော်လင့်တမ်းတခြင်းတွေနဲ့ ပူလောင်ရပါတယ် ။ ရနေဆဲ အချိန်တွေမှာလည်း သာသာယာယစ်မူးခြင်းတွေနဲ့ ပူလောင်ရပါတယ် ။ ရပြီး လို့ ပျောက် ကွယ်ပျက်စီးသွားတဲ့အခါမှာလည်း ဆွေးမြေ့ ကြေကွဲခြင်းတွေနဲ့ ပူလောင်ရပါတယ် ။
အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ကာလသုံးပါးလုံးမှာ လောင်တဲ့မီးဟာ ရာဂမီးပါပဲ -
လောကမှာ ရှိရှိသမျှ မီးအားလုံးထဲမှာ ရာဂမီး (သို့) အချစ်မီးဟာ အနှိုင်းမဲ့မီး ဖြစ်ပါတယ်။ဘာလို့လဲ ဆိုတော့ ရာဂမီး အချစ်မီးထက် ပိုပြီး ကိုယ်စိတ်နှစ်ပါးကို ပူလောင်စေပါတယ် ၊ ကျွမ်းမြိုက်စေပါ တယ် လို့ နှိုင်းယှဉ်စရာ အစားထိုးစရာ ထပ်တူပြုစရာ တခြားမီး မရှိတော့လို့ပါပဲ ။
မီးဆိုတာ သူ့ကို ထိတွေ့လာတဲ့ သက်ရှိသက်မဲ့ အရာမှန်သမျှ ကို ပူလောင်စေတတ်တဲ့ သဘောရှိ ပါတယ်။မီးကို ကိုင်တွယ်တဲ့သူတိုင်း မီးကို သိမ်းပိုက်တဲ့သူတိုင်း ပူလောင်တဲ့ ဒုက္ခဝေဒနာကို မလွဲမသွေ ခံစားကြရပါတယ် ။
မီးနဲ့ ထိတွေ့လိုက်လို့ အေးမြသွားတယ်၊ငြိမ်းချမ်းသွားတယ်ဆိုတာ မရှိပါဘူး ။
မိမိနဲ့ ထိတွေ့ပတ်သက်လာသူတိုင်းကို ပူလောင်စေတတ်တဲ့ မီးအားလုံးထဲမှာ ရာဂမီး အချစ်မီးဟာ အဆိုးဝါဆုံးမီး ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ တခြားမီးတွေလို ကိုယ့်ကို တိုက်ရိုက်လောင်တဲ့မီး မဟုတ်ဘဲ စိတ်ကို တိုက်ရိုက်လောင်တဲ့မိး ဖြစ်နေလို့ပါပဲ ....
ကိုယ့်ကိုလောင်တဲ့ တခြားမီးတွေက လောင်ကျွမ်းရာ ကိုယ်တိုင်းကို ပူလောင်စေနိုင်ပေမယ့် စိတ်တိုင်းကို မပူလောင်စေနိုင်ပါဘူး။
ကိုယ်ပူတိုင်း စိတ်မပူပါဘူး .....
စိတ်ကိုလောင်တဲ့ ရာဂမီး အချစ်မီးကတော့ လောင်ကျွမ်းရာ စိတ်တိုင်းကို ပူလောင်စေနိုင်သလို အဲဒီစိတ်ပိုင်ရှင်ရဲ့  ကိုယ်တိုင်ကိုလည်း ပူလောင်စေနိုင်ပါတယ်။
စိတ်ပူတိုင်း ကိုယ်ပူပါတယ် .......
စိတ်ပူသလို ကိုယ်ပူတယ်ဆိုတာက သူ့အသားအရေကို သွားစမ်းကြည့်ရင် ပူတာကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။တနည်းတဖုံအားဖြင့် ရုပ်ခန္ဓာဖောက်ပြန်နေတာ ကိုဆိုလိုတာပါ။စိတ်ကို အပူနဲ့နှိပ်စက် ကိုယ်ကိုလည်း အပူနဲ့နှိပ်စက်တဲ့အတွက် ရာဂမီး အချစ်မီးဟာ အနှိုင်းမဲ့ မီး ဖြစ်ရပါတယ် ။
အပြင်မှာ လောင်တဲ့မီး အပြင်မီးက မီးခိုး မီးတောက် မီးခဲတွေ မြင်တွေ့ရသောကြောင့် ကိုယ့်ကို မလောင် ကျွမ်းအောင် ရှောင်တိမ်းလို့ ရပါတယ် ။
အတွင်းမှာ လောင်တဲ့မီး အတွင်းမီး ဖြစ်တဲ့ ရာဂမီး အချစ်မီးကတော့ မီးခိုး မီးတောက် မီးခဲလည်း မမြင်တွေ့ရတဲ့အတွက်ကြောင့် ကိုယ့်ကို မလောင်ကျွမ်းအောင် ရှောင်တိမ်းလို့ မရပါဘူး ။
မြင်ကတည်းက ရင်ထဲမှာ ချစ်သွားတော့မယ်ဆိုတာ သိလိုက်လို့ မချစ်မိအောင် အမျိုးမျိုးရှောင် တိမ်း ပေမယ့် ဘယ်လိုမှ ရှောင်တိမ်းလို့မရဘဲ မချစ်ချစ်ဖြစ်အောင် ချစ်မိသွားတာဟာ ရာဂမီး အချစ်မီးရဲ့  ကိုယ်ပိုင်လျှို့ ဝှက်စွမ်းအင်ပါပဲ
မီးခိုး မီးတောက် မီးခဲတွေ မမြင်ရပေမယ့်နုလုံးသားတွေတစစီကြေမွပြီး ပြာကျ သွားလောက်အောင်
လောင်မြိုက်နိုင်စွမ်းရှိတဲ့ ရာဂဆိုတဲ့ အတွင်းမီး အချစ်ဆိုတဲ့ အတွင်းမီးဟာ ရှောင်တိမ်းဖို့ အင်မတန် ခက်ခဲလွန်းတဲ့အတွက်ကြောင့်လည်း အနှိုင်းမဲ့မီး ဖြစ်ရပါတယ် ။

အပြင်မီးတွေက မလောင်ကျွမ်းအောင် လောင်ကျွမ်းနေရင်လည်း မကူးစက်အောင် လောင်စာတွေ ကို ဖယ်ရှားရှင်းလင်းပစ်ဖို့ လွယ်ကူပါတယ် ။
ရာဂဆိုတဲ့ အတွင်းမီး အချစ်ဆိုတဲ့ အတွင်းမီးကတော့ မလောင်ကျွမ်းမကူးစက်အောင် လောင် စာ တွေ ကို ဖယ်ရှားပစ်ဖို့ မလွယ်ကူပါဘူး ။ ဘာလို့လဲဆိုတော့ ရာဂမီး အချစ်မီးရဲ့ လောင်စာက စိတ်ဖြစ်လို့ပါပဲ ။
သံယောဇဉ်တို့ အနှောင်အဖွဲ့တို့ ဆိုတာ ကိုလည်း ရာဂ စာရင်းထဲမှာပဲ ထည့်သွင်းရပါတယ် ။
ဘာလို့လဲဆိုတော့ သံယောဇဉ်ကြီးရင်ကြီးသလောက် အနှောင်အဖွဲ့ တင်းရင်တင်းသလောက် ပူလောင်လို့ပါပဲ ။
အချစ်ဆိုတာ အပူလောင်ဆုံး အနှိုင်းမဲ့မီးလို့ ဘယ်လိုပဲ ပြောပြော ပုထုဇဉ်နယ်ပယ်မှာတော့ အချစ်ဟာ ဟင်းတိုင်းမှာပါတဲ့ ဆားလို မရှိမဖြစ် ဖြစ်နေပါတယ် ။ ငရုပ်သီးထဲက ပိုးဟာ အပူကို လုံးဝမကြောက်တော့သလို အပူကြိုက်လွန်းလို့ အပူပြီးနေတဲ့ ပုထုဇဉ်အများစုဟာလည်း အချစ်ကို ပူလောင်တယ်လို့တောင် မထင်ကြတော့ပါဘူး။
ပိုးဖလံမျိုး မီးကိုတိုးနေတာပါလို့ ဆင်ခြေပေးနေပြန်တော့လည်း ဘာများတတ်နိုင်ဦးမှာတဲ့လဲ ?
မရှိမဖြစ်ဆားဆိုပေမယ့် သွေးတိုးရောဂါရှိတဲ့သူကတော့ ဆားကို မရှောင်မဖြစ် ရှောင်ဖို့လိုအပ်သလို အဆင့်အတန်းမြင့်တဲ့ သမထ ၀ိပဿနာ တရားချမ်းသာကို ခံစားချင်တဲ့သူဟာလည်း အချစ် ကို ဝေးဝေးရှောင်ဖို့ လိုအပ်ပါတယ်။
တရားအလုပ်ခွင်မှာတော့ အချစ်ကို ကာမစ္ဆန္ဒနီဝရဏ လို့ခေါ်ပါတယ်။သူက တိုးပွားအောင် လုပ်ရမယ့် အရာ မဟုတ်ပါဘူး ။ ချုပ်ငြိမ်းအောင် ပယ်ရမယ့် အရာပါ။
မဖြစ်ပေါ်သေးတဲ့ အချစ်စိတ်တွေ ဖြစ်ပေါ်လာစေနိုင်တဲ့ ဖြစ်ပေါ်ပြီးသား အချစ်စိတ်တွေ တိုးပွား လာစေနိုင်တဲ့ အကြောင်းတရား နှစ်ပါး ရှိပါတယ်။
အဲဒါကတော့ ... သုဘနိမိတ် နဲ့ အယောနိသောမနသိကာရ တို့ပါပဲ ။
သုဘနိမိတ် ဆိုတာက မြင်ကြားတွေ့သိရတဲ့ အာရုံကို တင့်တယ်တယ် ကောင်းတယ် ချစ်စရာလေး လို့ ထင်မြင်ယူဆ မှတ်သားမှုပါပဲ။ချစ်စရာလို့ ထင်နေမှတော့ "ချစ်စရာမို့ ချစ်ပါတယ်"ဆိုပြီး ချစ် သွား တော့မှာပဲပေါ့ ။
အယောနိသောမနသိကာရ ဆိုတာကတော့ မြင်ကြားတွေ့သိရတဲ့ အာရုံကို မှားမှားယွင်းယွင်း နုလုံး သွင်းမှုပါပဲ ။ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတစ်ပါး ယောင်္ကျား မိန်းမလို့ နုလုံးသွင်းတာ မြဲတယ် ကောင်း တယ် ပိုင်တယ် လို့ နုလုံးသွင်းတာဟာ မှားယွင်းတဲ့ နုလုံးသွင်းမှုပါ ။
အချစ်မီးတောက်လောင်ခြင်းရဲ့ အကြောင်းကို သိပြီဆိုရင် အချစ်မီး ငြိမ်းအေးခြင်းရဲ့  အကြောင်း လည်း သိလောက်ပါပြီ ။
အသုဘနမိတ် နဲ့ ယောနသောမနသိကာရဟာ မဖြစ်ပေါ်သေးတဲ့ အချစ်မီးမဖြစ်ပေါ်ဖို့ ဖြစ်ပေါ်ပြီးသား အချစ်မီး ငြိမ်းအေးဖို့အတွက် အကြောင်းတရားနှစ်ပါးပါပဲ ။
မြင်ကြားတွေ့သိရတဲ့အာရုံရဲ့ မတင့်တယ်တဲ့သဘော(အသုဘ သဘော)ကို ထွင်းဖောက်ဆင်ခြင်နိုင် မယ့်ဆိုရင် အချစ်မီးရဲ့ လောင်မြိုက်မှုကို ခံရမှာ မဟုတ်တော့ပါဘူး ။ များများမဆင်ခြင်နိုင်ရင်နေပါ ခဏ ဆင်ခြင်မယ်ဆိုရင်ပဲ အသုဘသဘော ပေါလောကြီး ပေါ်လာပါလိမ့်မယ်။
အသုဘ ဆိုတဲ့ အပြစ်မြင်မှတော့ အချစ်ဝင်နိုင်ပါဦးတော့မလား ။ အပြစ်မမြင်လို့ အချစ်ဝင်တာပါ ။ အပြစ်မြင်ရင် အချစ်မ၀င်နိုင်တော့ပါဘူး။
သတိပဋ္ဌာန်ရေစင် သွန်းဖျန်းခံရတဲ့ အာရုံနဲ့စိတ်မှာ ရာဂမီး အချစ်မီး တောက်လောင်လာနိုင်စရာ အကြောင်းမရှိတော့ပါဘူး ပူလောင်တဲ့မီးကို ကြားခံစက်ခလုတ်ရဲ့ အကူအညီနဲ့ အအေးဓာတ် ဖန်တီး ပြီး ရေခဲသေတ္တာတို့ လေအေးပေးစက်တို့ ပြုလုပ်ကြသလို ပူလောင်တဲ့ ရာဂမီး အချစ်မီးကို လည်း သမထ ၀ိပဿနာဆိုတဲ့ ကြားခံဘာဝနာခလုတ် အကူအညီ နဲ့ ၀ိပဿနာဥာဏ်ဓာတ် ဖန်တီးပြီး မဂ်ဖိုလ်တို့ နိဗ္ဗာန်တို့ ရယူနိုင်ပါတယ် ။
ရာဂအချစ် အပူဓာတ်ကို ဓမ္မအနှစ် အအေးဓာတ် အဖြစ် အသွင်ပြောင်း ထုတ်လုပ်နိုင်တာဟာ သတိပဋ္ဌာန် စက်ခလုတ်ပါပဲ ။
"သစ်ပင်မှာ အမြစ် လူမှာ အချစ်"လို့ ပြောလေ့ရှိကြပါတယ်။ သစ်ပင်တစ်ပင်ဟာ ရှင်သန်ခိုင်မာနေ သမျှ မြေကြီးထဲက ရုန်းထွက်လို့မရသလို လူဟာလည်း အချစ်ရှင်သန်ခိုင်မြဲနေသမျှ မီးဟုန်း ဟုန်း တောက်နေတဲ့ သံသရာထဲက ဘယ်တော့မှ ရုန်းထွက်လွတ်မြောက်ခွင့် ရမှာ မဟုတ်ပါဘူး။
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ ကျေးဇူ့ရှင် ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ရာဂမီး အချစ်မီးဟာ အနှိုင်းမဲ့မီး ဖြစ်တယ်လို့ "နတ္ထိ ရာဂသမော အဂ္ဂိ"ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း လူသားတိုင်း ရာဂမီး အချစ်မီးဆိုတဲ့ အနှိုင်းမဲ့မီးကို အကြွင်းမဲ့ ငြိမ်းအေးအောင် ငြိမ်းသတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ........
*** ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ၏ အနှိုင်းမဲ့ချမ်းသာ စာအုပ် မှ ကောက်နှုတ်ဖော်ပြပါသည် ***ရေးတင်သူ။မောင်သိန်းထိုက်
Source:http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:258094

No comments:

Post a Comment