Tuesday, October 23, 2012

“ မေတ္တာကိုပဲ လိုချင်ခဲ့တာ ”



 ဦးကျော် ကိစ္စတခုကို သိချင်လို့ မေးလို့ရမလား ကိုယ်နဲ့တော့ မဆိုင်ပါဘူး၊ ဒါပေမယ့် သိချင်တဲ့ ဆန္ဒက များနေလို့ပါ၊
ဘာများလဲ ဘုရား - ဒီလောက် စကားပျိုးနေပုံထောက်တော့ ထူးထူးဆန်းဆန်းပါပဲလား၊ မေးပါ ရပါတယ်၊ ကိုယ့်ဦးဇင်းတွေ ဆိုတော့ ပြောပေးရမှာပေါ့၊
သူကတော့ စာရေးသူတို့ ငယ်ငယ်က ကျောင်းမှာ အမြဲတမ်း ၀င်ထွက်ပြီး ဖခင်တယောက်လို ဦးလေးတယောက် ဆွေမျိုး တယောက်လို သံဃာတော်တွေနဲ့ ရင်းရင်းနှီးနှီး နေပြီး သံဃာတွေ ဆွမ်းကွမ်းကိစ္စကအစ ကျောင်းတိုက် အဆောက်အဦး ၀ါဆိုကထိန် ပါမကျန် ကိုယ်ကျိုးမငဲ့ပဲ အနစ်နာခံ သာသနာတော်ကို ထောက်ပံ့ပေးနေတဲ့ ဒကာကြီးတယောက်ပါ။ သူကိုယ် တိုင်ကလဲ ဘာမှ လိုလေသေးမရှိ ချမ်းသာပြည့်စုံနေပြီး စေတနာ သဒ္ဓါတရားကလဲ အားကောင်းလေတော့ လိုသမျှ ဖြည့် ဆည်းပေးတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်၊

အင်း - - မေးရမှာ အားနာနာပါပဲ၊ ဦးဇင်းတို့ ဘုရားကလဲ ဟောထားတာ မိန်းမသားတွေ အပြစ်တွေကိုချည်း ပိဋကတ် ကျမ်းစာတွေမှာတွေ့နေရတယ်၊ အမျိုးသမီးများကို ချီးမွမ်းခန်းက တော်တော် နည်းတယ်၊
နောက်ပြီး အခုခေတ် အိမ်ထောင်သည် ယောကျာ်းတွေကလဲ အိမ်ထောင်သက် နှစ်ပေါင်းတော်တော်ကြာလာရင် သည်း ခံနိုင်စွမ်းတွေ လျော့နည်းလာပြီး မိန်းမဖြစ်သူတွေကို သံယောဇဉ် လျော့နည်းလာကြတယ်၊ အချစ်တွေ လျော့လာကြတယ်၊ နောက်ဆုံး ထွက်ပေါက်အမျိုးမျိုးရှာပြီး ကွဲကြ၊ ခွာကြ တွေ ဖြစ်ကုန်တယ် လို့ အိမ်ထောင်သည် ယောင်္ကျာတိုင်းက ပြော တာလဲ ကြားဖူး မြင်ဖူးနေတယ်။

အခုဆို ဦးကျော်က ဘ၀မှာ ပိုက်ဆံလဲ ပြည့်စုံတယ်၊ ရုပ်ရည် ဥပဓိလဲ ရှိတယ်၊ ရာထူးဂုဏ်ဒြပ်တွေလဲ ရှိတယ်၊ လူတိုင်းက အားကျ အတုယူချင်စရာဖြစ်ပြီး  လေးစား ချစ်ခင်ကြတယ်၊ ဇနီး သားသမီးတွေမြေးတွေနဲ့ပျော်စရာပေါ့လေ။

အခုလို ဦးကျော်ရော ဒကာမကြီးရော အသက် ၆၀ ကျော်တဲ့ အထိ ဘယ်လို စိတ်ထားမျိုးနဲ့ အိမ်ထောင်သက်ကို တည်မြဲအောင် ထိန်းထားသလဲ သိချင်လို့ပါ၊
ဦးဇင်းတို့ တွေ့နေ မြင်နေရတယ်၊ တခါတလေ ဒကာမကြီးက စကားများတယ်၊ ဂဂျီ ဂဂျောင်များတယ်၊ ပြောရရင် အမြဲတမ်း ကလေးဆိုးကြီးလို အလိုမကျတာက များနေတယ်၊  အဲလို အခါမျိုးမှာ ဘယ်လို စိတ် ထားသလဲ - သိချင်ပါတယ်၊

ဦးဇင်းလေး- - - အမှန်အတိုင်း ၀န်ခံရရင် ငယ်ရွယ်စဉ်ကတော့ အိမ်ထောင်ပြုတာ ၁၅၀၀ တဏှာချစ်နဲ့ ပြုခဲ့တာပါ၊ နောက်ပိုင်း အသက်အရွယ်လေး ရလာပြီး သားတွေ သမီးတွေ နဲ့ ဖြစ်လာတော့ တယောက်နဲ့ တယောက် နားလည်မှု့ လေးတွေ ကိုယ်ချင်းစာစိတ်လေးတွေ ကိုယ်စီနဲ့ ခွင့်လွှတ်နိုင်အောင် ကြိုးစားပြီး တဏှာချစ် နဲ့တင် မလုံလောက်တော့ဘူး၊

ကိုယ်ကလဲ သူ့ကို ကိုယ့်ထက်အသက်ငယ်ရင် ညီမ၊ ကြီးရင် အမ တယောက်လို သဘောထားရတယ်၊ သူကလဲ မောင်တယောက်လို ၅၂၈ မေတ္တာနဲ့ တန်ဖိုးထားရတယ်၊ အသက်ကြီးလာချိန်မှာ သာယာမှု့ တဏှာချစ် ကိုသာ အဓိကထားမယ် ဆို အိမ်ထောင်က မတည်မြဲနိုင်ဘူး၊ အပေးအယူ မမျှတော့ဘူးပေါ့ဘုရား၊ အဲဒီလို အပေးအယူ မမျှတော့ရင်  အိမ်ထောင်မှန်သမျှ  ကွဲကြ ပြဲကြတော့တာပဲ၊  နောက်ဆုံးတော့ တဏှာချစ်အပေါ်မှာ ၅၂၈ ရော ပေါင်းထည့်ပေးနိုင်မှပဲ ရေရှည်လက်တွဲနိုင်လိမ့်မယ်ဘုရား …

အော် နားလည်ပါပြီ၊ ဦးကျော်ရေ၊ တော်တော် ကျေးဇူးများတဲ့ သက်ကြီး စကား၊ လူတိုင်း မှတ်သားစရာ အတုယူ စရာကောင်းလှပါတယ်။ ဒီလိုနဲ့ ဦးကျော်ဆီက တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုဿုတ ဆိုတာကို သိခဲ့ကြားခဲ့ဖူးတယ်၊

လူတွေ တော်တော်များများ ငြီးတွားတာလဲ ကြားရဖူးတယ်၊

လောကကြီးက မတရားဘူး -တဲ့၊
တကယ်ဆို သက်မဲ့လောကကြီးက သူ့ပင်ကိုယ်အတိုင်း နေနေတာပါ၊ လူတွေရဲ့ စိတ်မှာဖြစ်နေတဲ့ အလိုမကျမှု့ စိတ်ဆင်းရဲမှု့ ၀မ်းနည်းမှု့တွေကြောင့် အထူးသဖြင့် ကိုယ်ချင်းစာတရားတွေ လိုအပ်နေတာကို လောကကြီးကို အပြစ်ပုံချနေကြတယ်၊ မဆိုင်တာကို ဆွဲထည့်နေတော့ လောကကြီးကပဲ မကောင်းသလိုလို ဖြစ်သွားတော့တယ်၊
မြတ်စွာဘုရားကတော့ ဟောထားတယ်၊

ပိယတော ဇာယတိ သောကော၊ ပိယတော ဇာယတိ ဘယံ၊
ပိယတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။ ( ဓမ္မပဒ၊ ပိယ၀ဂ် )

အချစ်ရှိရင် သောက ခံစားရမယ်၊ ကိုယ်စိတ် ပူလောင်တာလဲ ကြုံရမှာပဲ၊ အချစ်မရှိတော့ဘူး၊ ချစ်ခြင်းကို အ၀င်မခံဘူး ဆိုရင်တော့ ဒုက္ခတွေ အားလုံး ငြိမ်းပြီပေါ့၊

စာရေးဆရာတွေကလဲ အမျိုးမျိုး ရေးကြတယ်၊ မေတ္တာဖွဲ့ တေးသီချင်းတွေဖွဲ့နွဲ့တာမျိုးလဲ မရိုးနိုင်အောင် ခေတ်အဆက် ဆက် ရေးဆိုနေကြတာ အများကြီး ကြားဖူးတယ်၊ နောင်လဲ ကြားနေရကြရအုံးမှာပါ၊  ပုထုဇဉ်တွေ ဆိုတော့ မေတ္တာတွေ သံယောဇဉ်တွေမှ မကင်းနိုင်ကြသေးတာကိုး၊
အချစ်တခုရှိရင် သောက တခုရှိမယ် ၊
အချစ် များများရှိရင် သောကများမယ်၊
ချစ်စရာ နည်းရင် သောက နည်းမယ်၊
ချစ်စရာ များရင် သောက များမယ်၊
များများ ချစ်ရင် များများ စိတ်ဆင်းရဲရမယ်၊
နည်းနည်း ချစ်ရင် နည်းနည်း စိတ်ဆင်းရဲရမယ် - တဲ့ ၊

ကဲ သင်ရော ဘယ်အမျိုးအစားထဲ ပါနေသလဲ - - သတိထားကြည့်ပါအုံး ၊ အိမ်ထောင်သည်တွေမှ မဟုတ်ပဲ ချစ်သူအချင်း ချင်းမှာပဲ ဖြစ်ဖြစ် ချစ်ကြမယ် ကြင်နာကြမယ် ဆိုရင်တောင် ၁၅၀၀ နဲ့တင် မလုံလောက်ပဲ ၅၂၈ သွယ်မေတ္တာကို ပေါင်း ထည့်ပေးနိုင်ဖို့ အရေးကြီးပါတယ်၊  

မနှစ် ၂၀၁၀ ခုနှစ် မတ်လပိုင်း က ၁၅၀၀+ ၅၂၈ = ၂၀၂၈ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းကမ္ဘာ မှာ တင်ခဲ့ဖူးပါတယ်၊ ဘာရယ် မဟုတ်၊ အခု အိမ်ထောင်သည် ညီငယ်တစ်ယောက်က သူ့အိမ်ထောင်ရေး အဆင်မပြေတာကို ပြောပြ ဖွင့်ပြောဖြစ်ရင်းက ဒါလေးကို ပေးဖတ်လိုက်တယ်၊ နောက်တော့ သူနားလည်သွားပါတယ်၊

တကယ်တော့ ချစ်သူအချင်းချင်း၊ အိမ်ထောင်သည် အချင်းချင်း၊ မိတ်ဆွေ အချင်းချင်း ၊ လူမှုရေး စီးပွားရေး၊ ဘာသာရေး စတာတွေတင် မကပဲ နောက်ဆုံးမှာ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်ဆက်ဆံရေး စတာတွေမှာပါ  လိုအပ်နေတာက နားလည်မှု awareness, understanding  နဲ့ ကိုယ်ချင်းစာတရား ကြင်နာမှု sympathy တွေ မဟုတ်လား လူ့ပတ်ဝန်းကျင်နဲ့ နေကြပြီ ဆိုမှဖြင့် လျှာ နဲ့ သွားလို တခါမဟုတ် တခါ တော့ ကိုက်မိတတ်ကြတာပဲ၊ စိတ်သဘောထား မတိုက်ဆိုင်ပဲ မခေါ် မပြော ဖြစ်တတ်ကြတာပါပဲ ..

“ အော် ငါသာ သူ့နေရာမှာ ဆိုရင် ဒီလို လုပ်မိမှာပါပဲ ”

“  အော် ဒါမျိုးက ဖြစ်တတ်တာပါပဲလေ ”

“ အော် ဒါမျိုးတွေက လူ့ သဘာဝပါပဲလေ ”

ဆိုတာမျိုးကို အလေ့အကျင့်ဖြစ်အောင် မွေးမြူပေးမယ် ဆိုရင် ဘယ်လို ပတ်ဝန်းကျင်ကို ရောက်ရောက် အရာအားလုံးဟာ သာယာ လှပပြီး မေတ္တာတွေနဲ့ လွှမ်းခြုံနိုင်တဲ့ ချစ်စရာ  နေချင်စရာ ကမ္ဘာကြီးတစ်ခု ဖြစ်နေမှာ ဧကန်မလွဲပါပဲ။  အဲဒီအတွက် ကိုယ့်ဘက်က  နားလည်ခွင့်လွှတ်ပေးနိုင်မှု စွမ်းအားကို ကြိုတင်ပြီး  လေ့ကျင့်ပေးထားဖို့ပဲ လိုအပ်နေတာပါ… ( စိတ်ညစ်နေတဲ့ သူငယ်ချင်းတစ်ယောက် အမြင်မှန် ရသွားတယ် ဆိုရင်တင်ပြရကျိုး နပ်ပါပြီ )

မေတ္တာဖြင့်
http://www.dhammayaungchi.com/2011/09/blog-post_18.html မှကူးယူတင်ပြထားပါသည်။

No comments:

Post a Comment