Friday, November 23, 2012

ဘာဝနာအမိုးကျဲတဲ့စိတ်ဟာ မိုးမလုံတဲ့အိမ်ပါပဲ.......




ပကတိသော မိုးသည်ပင်လျှင် အိမ်မိုးပေါက်တဲ့နေရာ၊ အိမ်မိုးကျဲတဲ့နေရာက ဝင်လာပြီဆိုရင် အဲဒီမိုးရေတွေက အိမ်ကို၊ အိမ်မှာရှိတဲ့ ပစ္စည်းပစ္စယ လူတွေအားလုံးကို နှိပ်စက်တတ်တဲ့သဘောရှိတယ်။ ပကတိသော မိုးသည်ပင်လျှင် နှိပ်စက်တတ်တဲ့ သဘောရှိတယ်ဆိုရင် ကိလေသာဆိုတဲ့ မိုးကပိုပြီးတော့ နှိပ်စက်မှာပဲ။
ကိလေသာဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကိုက စိတ်ကို ညှင်းဆဲတတ်တဲ့ သဘော၊ စိတ်ကို ပူလောင်စေတတ်တဲ့သဘော၊ စိတ်ကိုပင်ပန်းစေတတ်တဲ့သဘောဖြစ်ပါတယ်။

ကိလေသာလို့ဆိုလိုက်ရင် အများစုက တဏှာရာဂတစ်ခုကိုပဲသွားပြီး မြင်တတ်ကြတယ်။ အမှန်ကတော့ ကိလေသာက ဆယ်မျိုးရှိတယ်။ အပြည့်အစုံပြောရရင် ဆယ့်လေးမျိုးရှိတယ်။
၁။ လောဘ........လိုချင်၊နှစ်သက်၊တပ်မက်၊တွယ်တာတဲ့သဘော။
၂။ ဒေါသ...........စိတ်ဆိုး၊ စိတ်ပျက်၊ အမျက်ထွက်တတ်တဲ့သဘော။
၃။မောဟ.....အမှန်ကို အမှန်အတိုင်း မသိတဲ့သဘော၊ အမှန်ကို အမှားလို့သိတဲ့သဘော၊ အမှားကို အမှန်လို့သိတဲ့သဘော။
၎။မာန..............ထောင်လွှား တက်ကြွတဲ့သဘော။
၅။ဒိဌိ...............အယူမှားတဲ့ သဘော။
၆။ဝိစိကိစ္ဆာ........ယုံမှားတွေးတောတဲ့ သဘော။
၇။ထိန.............ထိုင်းမှိုင်းတဲ့သဘော၊ ပျင်းရိတဲ့သဘော၊ လေးလံတဲ့သဘော။
၈။ဥဒ်ဓစ္စ..........ပျံ့လွင့်တဲ့သဘော။
၉။အဟိရိက.....မကောင်းမှုပြုရမှာ မရှက်တဲ့သဘော။
၁၀။အနောတ္တပ်ပ.. မကောင်းမှုပြုရမှာ မကြောက်တဲ့သဘော။
လို့ ကိလေသာ ဆယ်ပါးရှိပါတယ်။
အဲဒီကိလေသာ ဆယ်ပါးမှာ ဒေါသကိလေသာနဲ့ အုပ်စုချင်းတူတဲ့ ကိလေသာသုံးမျိုးရှိတယ်။ အဲဒါကတော့ က္ကုဿာ၊ မစ္ဆရိယ နဲ ကုက္ကုစ္စ ပါပဲ။
က္ကုဿာဆိုတာက သူတစ်ပါးကြီးပွားတိုးတက်တာကို မနာလိုတဲ့ သဘော၊ ငြူစူစောင်းမြောင်းတဲ့ သဘော၊ မစ္ဆရိယဆိုတာက မိမိပြည့်စုံသလို သူတစ်ပါးမပြည့်စုံစေချင်တဲ့ သဘော။
ကုက္ကုစ္စဆိုတာက ပြုလိုက်မိတဲ့ မကောင်းမှုအတွက်၊ မပြုလိုက်မိတဲ့ ကောင်းမှုအတွက် နောင်တစ်ဖန်ပူပန်တဲ့ သဘော။
က္ကုဿာ၊ မစ္ဆရိယ နဲ ကုက္ကုစ သည်ဒေါသနှင့်တစ်အုပ်စုတည်းဖြစ်တဲ့အတွက်ကြောင့် ကိလေသာဆယ်ပါးထဲမှာ ထည့်မပြောတော့ဘူး၊ မပြောသော်လည်းပဲ ဒေါသနဲ့အတူ အဲဒီကိလေသာသုံးပါးကို တွဲပြီးတော့မှတ်ကြရမယ်။
တစ်ခါ မိဒ်ဓ လို့ခေါ်တဲ့ကိလေသာကလည်း ထိနဲ့ အုပ်စုချင်းတူတဲ့အတွက်ကြောင့်ထည့်မထားဘူး။ သို့သော် အဲဒီ မိဒ်ဓကို တွဲပြီးမှတ်ကြရမယ်။ ထိနဆိုတာက စိတ်ရဲ့ထိုင်းမှိုင်းတဲ့သဘော၊ လေးလံတဲ့သဘော၊ မိဒ်ဓဆိုတာက စိတ်မှတစ်ပါးသော စေတသိက်တွေရဲ့ ထိုင်းမှိုင်းတဲ့သဘော၊ လေးလံတဲ့သဘော။
အဲဒီလိုအားဖြင့် ခုနကပြောတဲ့ ကိလေသာဆယ်ပါးနဲ့ က္ကုဿာ၊ မစ္ဆရိယ နဲ ကုက္ကုစ၊ မိဒ်ဓ အဲဒီလေးမျိုးထည့်လိုက်ရင် ပြည့်ပြည့်စုံစုံ ကိလေသာ ဆယ့်လေးမျိုးရှိပါတယ်။
ဒီတော့ မိမိရဲ့ စိတ်တည်းဟူသော အိမ်ကို သမထ၊ ဝိပဿနာ၊ ဘာဝနာဆိုတဲ့ အမိုးစိတ်စိတ်ကလေး မိုးမထားဘူးဆိုရင်၊ ကျဲနေမယ်၊ ပေါက်နေမယ်ဆိုရင် အဲဒီကျဲနေ ပေါက်နေတဲ့ နေရာကနေ ခုနကိလေသာ ဆယ့်လေးမျိုးထဲက တစ်မျိုးမျိုး၊ သို့မဟုတ် တစ်မျိုးထက်များတဲ့ ကိလေသာတွေ ဝင်ရောက်နှိပ်စက်ကြလိမ့်မယ်။
ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ရေးသားတော်မူသော “ဘယ်အိမ်မှာနေကြမလဲ” ဆိုသော စာအုပ်မှ ကူးယူပူဇော် ဒါနပြုပါတယ်ခင်ဗျာ။ ။
Source:http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:235882

No comments:

Post a Comment