Monday, January 28, 2013

၂၀၁၃ တွင် ပျော်ရွှင်စေမည့် နည်း ၁၃ သွယ်





၂၀၁၃ မှာ သင့်ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်တဲ့ နည်း ၁၃ သွယ်ဟာ သင့်ကို ပိုမိုပျော်ရွှင်စေတာကို အံ့အားသင့်ဖွယ် တွေ့ရှိရပါလိမ့်မယ်။

(၁) မိနစ် ၂၀ လေ့ကျင့်ခန်းလုပ်ခြင်း

ကျွန်မတို့ဟာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တာရဲ့ အကျိုးကျေးဇူးကို သိပေမယ့် အားကစားခန်းမကို မသွားဖြစ်တာ များပါတယ်။ ဒီလိုဖြစ်နေရင် နိစ္စဓူဝ အလေ့အထထဲမှာ ဓာတ်လှေကားမစီးဘဲ ရိုးရိုးလှေကားနဲ့ တက်တာ၊ သွားချင်တဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာ ကားပါကင်ထိုးတာ၊ အနီးအနားက အိမ်ဆိုင်တွေကို ခပ်သွက်သွက် လမ်းလျှောက်ပြီးသွားတာ၊ နေ့လယ်စာစားပြီး မိနစ် ၂၀ လမ်းလျှောက်တာ၊ ခွေးနဲ့ လမ်းလျှောက်တာ စတာတွေကို လုပ်ဆောင်သင့်ပါတယ်။
(၂) သစ်သီးနှင့် ဟင်းသီးဟင်းရွက် တစ်နေ့ ငါးကြိမ်စားခြင်း

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာ တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ အဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် အစာကြေညက်စေကာ ဝမ်းမှန်မှန် သွားစေပါတယ်။

(၃) ကျန်းမာရေးစစ်ဆေးမှု မှန်မှန်ခံယူခြင်း

ပုံမှန် ကျန်းမာရေး စစ်ဆေးမှုခံယူဖို့ ဆရာဝန်နဲ့ တွေ့ဆုံပါ။ သွေးဖိအားတိုင်းတာ၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောအဆင့် တိုင်းတာတို့လည်း ပါဝင်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကြံ့ခိုင်နေတယ်လို့ ထင်နေရင်တောင် ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။ အမျိုးသမီး ဖြစ်နေရင် လစဉ် ရင်သားစမ်းသပ် စစ်ဆေးမှုကို ခံယူသင့်သလို တစ်နှစ်တစ်ကြိမ် သားအိမ်ခေါင်း အသားစယူ စစ်ဆေးသင့်ပါတယ်။ အသက် ၄၀ အထက် အမျိုးသားဆိုရင် ဆီးကျိတ်စစ်ဆေးမှု ခံယူသင့်ပါတယ်။

(၄) ကိုယ်အလေးချိန်ကို BMI နှင့်အညီ ထိန်းထားခြင်း

ကျန်းမာရေးကောင်းလိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းထားရပါမယ်။ အဝလွန်တာနဲ့ ကိုယ်အလေးချိန် များတာကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်တာ၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ ကင်ဆာရောဂါတချို့နဲ့ စိတ်ဓာတ်ကျတာတို့ကို ဖြစ်စေနိုင်သလို ပိန်တာကြောင့် အရိုးပါးရောဂါ၊ သွေးအားနည်းရောဂါနဲ့ ရာသီသွေး ပျောက်ဆုံးမှုတို့ ဖြစ်စေနိုင်ပါတယ်။

(၅) စိတ်3xW|N_o [wချခြင်း

စိတ်ဖိစီးမှုကို လုံးဝမရှိအောင် ရှောင်လွှဲဖို့တော့ မဖြစ်နိုင်ပါဘူး။ စိတ်ဖိစီးမှု အသင့်အတင့်ရှိတာက အလုပ်ကိစ္စတွေကို ပြီးမြောက် အောင်မြင်စေပါတယ်။ စိတ်ဖိစီးမှု များလွန်းတာက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်မယ့် နည်းတွေကို လုပ်ဆောင်ပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ အာဟာရ ပြည့်ပြည့်ဝဝ စားတာ၊ အိပ်ရေးဝဝ အိပ်တာတို့ကို လိုက်နာသင့်သလို တရားထိုင်တာ၊ ဝါသနာပါတဲ့အလုပ် တစ်ခုခုလုပ်တာ၊ ယောဂကျင့်တာ စတဲ့နည်းတွေနဲ့ အပန်းဖြေနိုင်ပါတယ်။

(၆) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်ဖြတ်တာကြောင့် ငွေကုန်ကြေးကျ သက်သာရုံသာမက သင့်ကို ပိုကြည့်ကောင်းလာစေပါတယ်။

(၇) ၇-၉ နာရီခန့် အိပ်ချိန်ရှိပါစေ

အိပ်ရေးဝတာကြောင့် စိတ်ဖိစီးမှု လျော့ကျစေပြီး မှတ်ဉာဏ်အားကောင်းကာ ခန္ဓာကိုယ်ရဲ့ ပြုပြင်နိုင်စွမ်း တိုးစေပြီး နှလုံးကျန်းမာစေပါတယ်။ အိပ်ရေးဝတာက အစာစားချင်စိတ်ကို ထိန်းပေးတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

(၈) မိမိအတွက် ၃၀ မိနစ် အချိန်ပေးပါ

တစ်နေ့မှာ ကိုယ့်အချိန်ဇယားထဲက မိနစ် ၃၀ ကို ကိုယ်ပိုင်အချိန်အဖြစ် စာဖတ်တာ၊ သီချင်းနားထောင်တာ၊ ဝါသနာတစ်ခုခု လုပ်ဆောင်တာ၊ ရေချိုးကန်ထဲ ရေစိမ်ချိုးတာတို့ လုပ်ဆောင်ပါ။

(၉) ကားစီးတိုင်း ခါးပတ်ပတ်ပါ

ကားစီးတဲ့အခါနဲ့ ကားမောင်းတဲ့ အခါတွေမှာ ထိုင်ခုံခါးပတ်ပတ်ပါ။ ကားမောင်းမယ်ဆိုရင် အရက်မသောက်ပါနဲ့။

(၁၀) ချစ်ခြင်းမေတ္တာကို မျှဝေပါ

ချစ်ခင်ဖွယ်ရာ မိသားစုရှိတာက ဘဝရဲ့ ပျော်ရွှင်ဖွယ်ရာ လက်ဆောင်တစ်ခုပါ။ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး ဦးနှောက်ထက်မြက်စေမယ့် ဂိမ်းကစားတာ၊ သီချင်းနားထောင်ပြီး ကခုန်တာတို့ကို လုပ်ဆောင်ပါ။

(၁၁) ပရဟိတလုပ်ပါ

သင်နေထိုင်ရာ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတစ်စုံတစ်ရာ ဖြစ်စေဖို့ ပရဟိတအလုပ်တွေကို လုပ်ဆောင်ပေးရင် သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်တိုးကာ စိတ်ချမ်းသာမှု ရှိလာပါလိမ့်မယ်။

(၁၂) ဆေးမှတ်တမ်းများ သိမ်းထားပါ

ကျန်းမာရေး မှတ်တမ်းတွေကို သိမ်းဆည်းထားတာ၊ မိတ္တူကူးပြီး အိမ်ထောင်ဖက်ကို ပေးထားတာတို့ လုပ်ဆောင်ပါ။ ဒါမှသာ အရေးပေါ် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာရှိလာရင် ဖြေရှင်းနိုင်ဖို့ လွယ်ကူမှာပါ။

(၁၃) သဘာဝလောကကို ချစ်မြတ်နိုးပါ

စိမ်းစိုတဲ့ သစ်ပင်တွေကြား နေထိုင်တာ၊ ရေတံခွန်တွေဆီ အလည်သွားတာ စတဲ့ အပန်းဖြေမှုတွေကို လုပ်ဆောင်ပေးရင်း သင့်ဘဝကို ပိုမိုစိမ်းလန်းလာအောင် ကြိုးစားသင့်ပါတယ်။



ကြယ်စင်
By Good Health
Source:https://www.facebook.com/photo.php?fbid=287539378038691&set=a.283856505073645.65522.283843761741586&type=1&theater

No comments:

Post a Comment