Thursday, February 14, 2013

အရှင်ဇနကာ ဘိဝံသ၏ တဏှာ နှင့် နူနာ ရောဂါနှိုင်းယှဉ်မှု ဥပမာကောင်း




သတ္တ၀ါတွေရဲ့ တဏှာက အာရုံငါးပါးမွေ့လျော်ပုံဟာ ဘာနဲ့တူတုန်းလို့ဆိုတော့
အနူမီးကင်တာနဲ့တူတယ်။ အနူဟာ ကံမကောင်းအကြောင်းမသင့်လို့ပဲဖြစ်ဖြစ်
သူ့ကိုယ်သူ မထိန်းသိမ်းလို့ဖြစ်ဖြစ် အနူဘ၀ရောက်နေတယ်။ အနူဘ၀ရောက်နေ
တော့ တော်တော်လေးအနူက ကြီးလာတင်ဆိုရင်ပဲ ယားတယ်။
ဘာဖြစ်လို့ယားတုန်းဆိုတော့ အထဲက ပိုးတွေကကြွ လှုပ်လှုပ်ရှားရှားဖြစ်တော့ အနူက ယားတယ်။
ယားတော့ ဘာလုပ်သလဲ ကုတ်တယ်။ ကုတ်လို့အားမရတော့ ဘာလုပ်သလဲ မီးကြီး
ကောင်းကောင်းနားသွားပြီးတော့ မီးကင်တယ်။ မီးကင်လိုက်တော့ အပူဓာတ်ကြောင့်
ပိုးတွေက နောက်ပြန်ဆုတ်ပြီး ငြိမ်သွားတယ်။ အေးသွားတယ်။ သူအယားပြေသွား
တယ်။ ဒီတော့ အနူဓာတ်ခံရှိနေတဲ့လူ ပိုးထတော့ယားတယ်။ ယားတော့ကုတ်တယ်။
မီးကင်တယ်။ မီးကင်တော့ အယားပျောက်တော့ ခဏသက်သာသွားတယ်။
ပျောက်သလား မပျောက်ပါဘူး။ အနူခဏသက်သာတာ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဥပမာအဆင့်နဲ့ ဒါကိုမိန့်တော်မူတယ်။ ၀မ်းထဲမှာ
တဏှာ ဓာတ်ခံရှိနေတဲ့ဥစ္စာ အနူဓာတ်ခံရှိနေတာ။ အနူရောဂါရှိနေတာ။ ရူပါရုံကလေးကို
မြင်ရတော့ ရူပါရုံကလေးကို ကြည့်ချင်တယ်။ ဒါအနူထ တာပဲ။ ပိုးထတာ။ သဒ္ဓါရုံကလေး
ကြားရတော့ သဒ္ဓါရုံကလေး နားထောင်ချင်တယ်။ ဒါပိုးထတာ။ ဂန္ဓာရုံ၊ ဖေါထပါရုံ ဒီလို
ပဲသူလိုချင်နေတယ်။ အဲဒါ ပိုးထတာ။ တဏှာပိုးထတာ။ တဏှာပိုးထတော့ ဘာဖြစ်သလဲ
ဆိုတော့ ခုနက အယားဖျောက်သလို မီးကင်သလို ရူပါရုံကြည့်တယ်။ သဒ္ဓါရုံ နားထောင်
တယ်။ ဂန္ဓာရုံး မွှေးမွှေးကြိုင်ကြိုင်တွေ ကိုယ့်အနီးအနားမှာထားတယ်။ သုံးတယ်၊ စွဲတယ်။
အရသာ ကောင်းကောင်းလေးတွေ သောက်တယ်။ စားတယ်။ အဲဒါတွေ ဘာလုပ်တာ
တုန်း ဆိုတော့ ခုနက အယားဖျောက်တာ။ မီးကင်တာ။

ဆိုပါတော့ ပွဲကြည့်လိုက်တယ်။ ပြီးသွားပြီ။ ဒါအယား ခဏသက်သာသွားတာ။ ဒီနေ့
တော့ သီချင်းသံတွေ ဘာတွေ တော်ပြီ။ အိပ်အုံးမယ်။ နားမထောင်တော့ဘူး။ ပွဲတို့ ဘာတို့
တော်ပါပြီ။ အယားပျောက်သွား။ ဒါမီးကင်လိုက်လို့ အယားပျောက်သွားသလိုပဲ။ ပွဲကြည့်
လိုက်လို့ ရူပါရုံ ကောင်းကောင်းကလေး ကြည့်လိုက်လို့ သဒ္ဓါရုံကောင်းကောင်း
ကလေး နားထောင်လိုက်လို့ အာသာပြေသွားတယ်။ ဒါအယားပြေသွားတာ။ အနူ
ပျောက်သလား။ တဏှာပျောက်သလား။ ဘယ်ဟုတ်မလဲ ပိုထတာပေါ့။ ပိုပြီးတော့
တကယ်ထဲ အနူရောဂါထတာပဲ။ ကုတ်လိုက် မီးကင်လိုက် ခဏသက်သာလိုက်
ရောဂါက ပိုထလာလိုက်။

အဲဒါကြောင့် တဏှာ ဓာတ်ခံရှိနေတဲ့ အနူပုထုဇဉ် သတ္တ၀ါ
တွေဟာ ကာမဂုဏ်တွေ လိုက်စားလိုက်တော့ ခဏကလေး အယားပျောက်သလို
ခဏကလေး သက်သာသွားတယ်။ ပြီးတော့ ခုနက အနူရောဂါ ထသလို ထပြီးတော့
ယားပြန်တာပဲ။ ထပြီးတော့ ကာမဂုဏ် အာရုံတွေ လိုက်စားပြန်တာပဲ။ ဒီနည်းနဲ့
သံသရာထဲလာခဲ့တာ။ ဘယ်နည်းနဲ့မှ ကျွတ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့
အ၀ိဇ္ဇာနဲ့ တဏှာက အခြေံပြီးလာခဲ့တာ။ သံသရာက ကျွတ်ပါစေလို့ ဆုတောင်း
ပေမယ့် မကျွတ်ဘူး။ အဲသလို အလုပ်ကိုက အနူပျောက်အောင်လုပ်တာမဟုတ်ဘူး။
တိုးအောင် လုပ်နေတာ။

အရှင်ဇနကာ ဘိဝံသ၏ လက်ရှိနာလျက်ရှိသော ဓမ္မစင်္ကြာတရား အပိုင်း- ၃ အကျင့်
သုံးပါး တရားတော်မှ တဏှာ သင်ခန်းစာကောင်း ဥပမာကောင်းများကို ထုတ်နှုတ်
ရေးသား ကုသိုလ်ယူပါသည်.....

မေတ္တာဖြင့်
ရွှေရည်
Source:https://www.facebook.com/photo.php?fbid=286416418152721&set=a.118243311636700.14013.100003530962093&type=1&theater


No comments:

Post a Comment