Thursday, March 28, 2013

ရင်သွေးယူတော့မည့် မိခင်၊ ဖခင်လောင်းများ ဖတ်ရန်


 

ရင်သွေးငယ်ရယူရန် ဆုံးဖြတ်ထားသည်ဆိုပါက အောက်ပါစာမူကို ဖတ်ရန်တိုက်တွန်းအပ်ပါသည်။
မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ကြသည့်သူများရှိသကဲ့သို့  မိမိရင်သွေးအတွက် ကြိုတင်ပြင်ဆင်၍ ရင်သွေး ငယ်မွေးဖွားသူများလည်းရှိသည်။ ကြိုတင်ပြင်ဆင်သည်ဆိုရာတွင် ရင်သွေးငယ်အတွက် သင့်တင့်သော စီးပွားရေးအခြေအနေ၊ မိဘများ၏ အသက်အရွယ်၊ ကလေးတစ်ဦးနှင့်တစ်ဦး အသက်ကွာခြားချက် စသည်တို့ဖြစ်သည်။

ထိုသို့ ကြိုတင်ပြင်ဆင်ရာတွင် အရေးကြီးဆုံးမှာ ကလေးငယ်အား ကျန်းမာသန်စွမ်းသော ကလေးငယ် တစ်ဦးဖြစ်စေရန်    မိခင်အနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်ကျန်းမာရေးပြင်ဆင်မှုများသည်လည်း မမေ့လျော့ သင့်သည့်အရာ တစ်ခုဖြစ်သည်။များသောအားဖြင့် ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်လိုက်သည့်အချိန်တွင် ဇနီးမောင်နှံများမှာ အသုံးပြုနေသည့် ကိုယ်ဝန်တားဆေးများ မသုံးတော့ခြင်း၊ ယေဘုယျကျန်းမာရေး ဂရုပြုခြင်းစသည်တို့လောက်သာ ပြုလုပ်လေ့ရှိသည်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် ရင်သွေးငယ် အား ရောဂါပိုးများကူးစက်မှုမရှိစေရန်လည်းကောင်း၊သားဖွားပြီး မိခင်အနေဖြင့် ကျန်းမာလှပသော ခန္ဓာကိုယ်အား ပိုင်ဆိုင်နိုင်စေရန်အတွက်လည်းကောင်း၊ ကြိုတင်ပြင်ဆင်မှုနည်းပါးနေသေးကြောင်း သားဖွားမီးယပ်ဆရာဝန်ကြီးများက ပြောကြားသည်။
“သားဖွားမီးယပ်အထူးကု ဆရာဝန်တွေ အများဆုံးတွေ့ကြုံ ရတာတော့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေက ဘာမှ ကြိုတင်ပြင်ဆင်မှုမရှိဘဲ    မိခင်လောင်းဘ၀ကို ရောက်သွားကြတာများတယ်။ အဲဒီအခါ ကလေးအတွက် အရေးကြီးဆုံးအချိန်တွေ မသိလိုက်ဘဲ ဆုံးရှုံးသွားကြတာများတယ်”ဟု  သားဖွား မီးယပ်အထူးကုဆရာဝန် တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်ကပြောသည်။
ကိုယ်ဝန်ဆောင်နေစဉ်တွင် ပထမဆုံးကိုယ်ဝန်သုံးလသည် ကလေးငယ်အတွက် အရေးကြီးဆုံးသော အချိန်ဖြစ်ကြောင်း သိရှိရန်လိုအပ်သည်။ ထိုသုံးလအတွင်းတွင် ကလေးငယ်အတွက် အဓိကအစိတ် အပိုင်းများဖြစ်သည့်  ဦးနှောက်၊ အသည်း၊ အဆုတ်စသည့် အင်္ဂါအစိတ်အပိုင်းများအပြင် မျက်လုံး၊ ခြေ၊ လက်များ အသေးစိတ်   စတင်ဖွံ့ဖြိုးသည့်အချိန်လည်း ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့သော အရေးကြီးလှသည့်အချိန်တွင် သတိမမူမိသည့် အပြုအမူအချို့ကြောင့်  မိမိရင်သွေး အား မွေးရာပါရောဂါများ၊ မသန်စွမ်းမှုများ ဖြစ်ပေါ်သွားစေနိုင်သည်။
“ဘယ်သူက စသတ်မှတ်လိုက်လည်း မသိပေမယ့် လူအများစု ထင်နေတာက ကိုယ်ဝန်ငါးလလောက်မှ ကိုယ်ဝန်အပ်ရမယ်ဆိုပြီး အပ်ကြတယ်။ အဲဒီတော့ကလေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ အချိန်ကာလတွေ လွန်သွားပြီ။ ဘာမှလုပ်လို့မရတော့ဘူး” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ဆရာဝန်တစ်ဦး ကပြောသည်။
ထိုကိုယ်ဝန်သုံးလအတွင်း အမှားတစ်စုံတစ်ရာဖြစ်ပါက ကလေးတွင် အင်္ဂါချွတ်ယွင်းခြင်း၊ လူစဉ်မမီခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်းစသော ဒုက္ခိတကလေးများ မွေးဖွားလာနိုင်သည့်အတွက် ကိုယ်ဝန်ငါးလမှစ၍ ကိုယ်ဝန်အပ်မည်ဆိုပါက ထိုအရေးကြီးသည့်အချိန်များတွင် ရှောင်ရန်၊ ဆောင်ရန်အကြောင်းအရာများ
သည်လည်း လွန်သွားခဲ့ပြီဖြစ်သည်။
ထိုအချက်များကြောင့် ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည့်အချိန်တွင် ကိုယ်ဝန်ဆောင်ရန် အသင့်တော်ဆုံးဖြစ်စေရန် ခန္ဓာကိုယ်အလေးချိန်အား ဂရုပြုခြင်း၊ ကိုယ်ဝန်အတွက် အန္တရာယ်မဖြစ်စေ မည့် နေထိုင်ခြင်းပုံစံများ၊ အစားအသောက်ပုံစံစသည်တို့အတွက်တတ်ကျွမ်းသည့် ဆရာဝန်များနှင့် ကြိုတင်တိုင်ပင်သင့်ကြောင်း သိရသည်။
“ကိုယ်ဝန်ဆောင်မယ့်သူက   မ၀လွန်း၊မပိန်လွန်းသော  ခန္ဓာကိုယ်ရှိရမှာဖြစ်တဲ့အတွက် ကိုယ်ဝန် မဆောင်ခင်ရှိသင့်တဲ့အလေးချိန်ဖြစ်အောင်ဂရုပြုရမယ်။ ကိုယ်ဝန်ဆောင်တော့မှ ၀ိတ်ချလို့လည်း မရ ဘူးလေ။ ဆေးလိပ်ငွေ့တွေ အရက်တွေကလည်း သန္ဓေသားကို ထိခိုက်မှုအရမ်းများတဲ့အတွက် အဲဒါတွေဖြတ်ရမယ်”ဟု ဒေါက်တာစိုးလွင်ကပြောသည်။ နောက်အရေးကြီးသည့်အချက်တစ်ခုမှာ ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်သည့်အချိန်မှစတင်၍ ကိုယ်ဝန်ဆောင်အားဆေးဟု
ခေါ်သည့် ဖောလစ်အက်ဆစ်(Folic Acid) အား တစ်နေ့လျှင် ၄၀၀ မိုက်ခရို ခရမ်နှုန်းဖြင့် နေ့စဉ်သောက်သုံးသွားသင့်ကြောင်း ဒေါက်တာစိုးလွင်က “ရာသီမလာခင် လူသတ် ချင်”ဟူသော ကျန်းမာရေးစာအုပ်တွင်ထည့်သွင်းရေးသားထားသည်။ ထိုဆေးအား ကိုယ်ဝန်၏ ပထမသုံးလ အထိသေချာစွာသောက်သုံးထားလျှင်ကလေး၏ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ မွေးရာပါချို့ယွင်းချက် များအားကာကွယ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်နေသည့် အချိန်တွင် ဂျိုက်သိုးရောဂါဖြစ်ပွား ပါကလည်း ကလေးငယ်အား ၀မ်းဗိုက်အတွင်းတွင်သေဆုံးခြင်း၊ ဦးနှောက်ကျပ်မပြည့်ခြင်းများ၊ ဆွံ့အနားမကြား၊ မျက်စိကန်းသည့် ကလေးဖြစ်စေသည်အထိ  အန္တရာယ်ကြီးသော ရောဂါတစ်ခုဖြစ်သည်။
ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်သည့်အချိန်တွင် မိမိခန္ဓာကိုယ်ထဲတွင် ဂျိုက်သိုးရောဂါကာကွယ်သည့် ဓာတ်များရှိ၊မရှိကြိုတင် စစ်ဆေးသင့်ပြီး မရှိပါက ကာကွယ်ဆေးထိုး၍လည်း ကာကွယ်နိုင်ကြောင်း သိရသည်။ တခြားကူးစက်ရောဂါများဖြစ်သည့် ကာလသားရောဂါများ၊ ခုခံအား ကျဆင်းမှုရောဂါများ၊ အသည်းရောင် အသားဝါကဲ့သို့သော ကူးစက်ရောဂါများရှိ၊ မရှိကိုလည်း စစ်ဆေးထားခြင်းဖြင့် ကလေးအားကူးစက်မှုမရှိစေရန်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်သည့်အချိန်တွင်  အသင့်အတင့်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်က ကလေးနှင့်မိခင် အတွက် ကောင်းမွန်ပြီး တစ်စုံတစ်ရာလေ့ကျင့်ခန်းများ ပြုလုပ်လိုပါကလည်း ဆရာဝန်နှင့် ဦးစွာ တိုင်ပင်သင့် ကြောင်း သိရသည်။ကိုယ်ဝန်ရှိသည့်အခါတွင် အများစုမှာ သုံးပတ်မှ လေးပတ်အထိ ကိုယ်ဝန်ရှိကြောင်း မသိရှိကြဘဲ တချို့မှာ လအနည်းငယ်အထိ မသိရှိသည့်သူများလည်း ရှိကြသည်။ ထိုမသိရှိသည့်အချိန်တွင် ကြိုတင်ကာကွယ်မှုလည်း မရှိပါက မိမိရင်သွေးငယ်အတွက် မလိုလား အပ်သည့် ရောဂါများဖြစ်ပွားလာစေနိုင်ပြီး ကလေးမလိုချင်သည့် အချိန်တွင်လည်း ကလေးရရှိသွားပါက စိတ်ချမ်းသာသော အခြေအနေ မဖြစ်လာနိုင်ကြောင်း ဂရုပြုသင့်သည်။ မွေးဖွားပြီးချိန်တွင်လည်း မိခင်ရော၊ ကလေးပါကျန်းမာသော ဘ၀ကို ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ အား ပြင်ဆင်ရင်း ကျန်းမာသန်စွမ်းဉာဏ်ရည်ထက်သော ရင်သွေးလေးများ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အဆင်ပြေပါစေ..

ကျန်းမာရေးဆေးပညာနှင့်ပတ်သက်သောဆိုဒ်လင့်များ

www.mentalhelp.net
www.healthy.net
http://www.downloadatoz.com  ကိုယ်ဝန်ဆောင် မိခင်တွေ လေ့လာနိုင်ဖို့
http://nattalin.blogspot.com/2012/07/blog-post_8056.html


No comments:

Post a Comment